Sunday, 13 February 2011 10:08
ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာရေအခက်အခဲကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံသည်လည်း မိုးမှန်ကန်မှု မရှိပါက ရေအခက်အခဲကို ကြုံတွေ့ရသော နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက သုံးသပ်ပြော ကြားသည်။
"မိုးမှန်မှန်မရွာရင် မြန်မာနိုင်ငံ မှာ ရေအခက်အခဲ ရှိပါတယ်"ဟု FRED မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်များပေါများစွာ တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် ယခင်က ရေပြဿနာကို ရင်ဆိုင်ရခြင်း နည်းပါးခဲ့သော်လည်း ယခုနောက်ပိုင်းနှစ်များတွင်မူ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်း တို့ကြောင့် မြစ်၊ ချောင်းများ တိမ်ကောရန် အခြေအနေဖြစ်ပေါ်မှု၊ ကန်များ နှစ်စဉ်ခန်းခြောက်သည့် အချိန်မတိုင်မီ ခန်းခြောက်မှု စသည် တို့ကို ရင်ဆိုင်လာရသည်။
မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲခြင်းများသည် ၁၉၇၈ခုနှစ် နောက်ပိုင်းတွင် စတင်သိသာလာခဲ့ပြီး မုတ်သုံအ၀င်နောက်ကျကာ အထွက်စောသည့်အတွက် မိုးရက်နည်းလာခြင်း၊ ယခင် အေးမြသော ဒေသများပူပြင်းလာခြင်း၊ ဆောင်း ရက်တိုတောင်းလာခြင်း၊ မိုးမမှန်ကန် ခြင်း စသည်တို့ဖြစ်သည်ဟု သိရှိရ သည်။
တောင်ကြီးမြို့တွင် ခန်းခြောက်နေသော ရေကန်အချို့ကို ဖေဖော်ဝါရီလ အတွင်းကတွေ့ရစဉ်
မြန်မာနိုင်ငံ၌ မိုးရွာသွန်းရက် များသည် ယခုနှစ်များအတွင်း နည်းပါးလာပြီး တစ်နှစ်လျှင် မိုးရက် ၁၀၀ ၀န်းကျင်သာ ရရှိလျက်ရှိကာ သောက်သုံးရေအဖြစ် မြစ်ချောင်း များမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ ရယူနေကြရသူများသာမက မြေအောက်ရေမှ ရရှိနေကြသူများ အထိ ရေအခက်အခဲကို ရင်ဆိုင်ရမှုများ ရှိလာခဲ့သည်။ ကျေးလက်ဒေသများတွင် သာမက အထူးသဖြင့် လူဦးရေထူထပ်များပြားသော မြို့ပြ တွင် နွေရာသီကာလများ၌ ရေ အခက်အခဲကိုကြုံရမှုလည်း မြင့်တက်လာခဲ့သည်။
ရေအရင်းအမြစ်များ နည်းပါးလာခြင်းသည် သစ်ပင်သစ်တောများ နည်းပါးလာခြင်း၊ ယင်း၏ သက် ရောက်မှုအဖြစ် ပူပြင်းခြောက်သွေ့ မှု၊ မိုးနည်းပါးမှုတို့ကို ရင်ဆိုင်လာ ရခြင်းတို့ကြောင့် ကြုံတွေ့လာရခြင်း ဖြစ်သည်။
"သစ်တောတွေမရှိရင် ဧရာဝတီ ဆိုတာ မရှိနိုင်ပါဘူး။ ဧရာဝတီမရှိရင် ရေချိုလည်း မရှိနိုင်ပါဘူး"ဟု မြန်မာငှက်နှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ရေတိမ်ဒေသဆိုင်ရာ ကျွမ်းကျင်သူက ပြောကြားသည်။
ရာသီဥတု အစွန်းရောက်မှုများ ကိုလည်း ၂၀၁၀ပြည့်နှစ် ဧပြီနှင့် မေလများ၌ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှဒေသမှ တွေ့ကြုံ ခဲ့ရပြီး နောက်ပိုင်းနှစ်များသည်လည်း ခြောက်သွေ့သော၊ အစွန်း ရောက်သော ရာသီဥတုအမျိုးအစား ကိုသာ ကြုံတွေ့နိုင်ခြေများပြားကာ ရေပြဿနာကို နိုင်ငံများအနေဖြင့် ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံတကာမှ ပညာရှင်များက ခန့်မှန်းထားသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းသည် လူဦးရေ၏ရာခိုင်နှုန်း အများစု မှီခိုနေရသော လုပ်ငန်းတစ်ခုဖြစ်ကာ နိုင်ငံ GDP ၏ ၄၀ ရာခိုင် နှုန်းဝန်းကျင်မှာ စိုက်ပျိုးရေးလုပ် ငန်းမှရရှိကြောင်း သိရှိရသည်။
မိုးနည်းပါးခဲ့သော ၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် စိုက်ပျိုး ရေးလုပ်ငန်း၌ ရေလိုအပ်မှုများရှိလာခဲ့ကာ မုန်တိုင်းသင့် ဧရာဝတီတိုင်းဒေသကြီး အပါအ၀င်ဒေသအချို့တွင် သောက်သုံးရေချို လိုအပ်မှုလည်း ပိုမိုလာခဲ့သည်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဟိမ၀န္တာဒေသမှ ရေခဲများ အရည် ပျော်ပါက အာရှ၏ မြစ်ကြီးအချို့တွင် ရေအရင်းအမြစ် ပြဿနာကို ရင်ဆိုင်ရနိုင်ပြီး လူဦးရေ သန်းနှင့်ချီ၍ ရေအခက်အခဲကို ရင်ဆိုင်ရနိုင်သည်ဟု နိုင်ငံတကာပညာရှင်များ က သုံးသပ်ထားသည်။ မြန်မာနိုင်ငံတွင်လည်း ဟိမ၀န္တာဒေသရှိ ရေအရင်းအမြစ်များမှ စီးဆင်းလာသည့် မြစ်များရှိနေကာ ယင်းတို့မှာ ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့ဖြစ်ကြသည်။

No comments:
Post a Comment